Saturday, March 27, 2010

Wordpress Locally

မနေ့က ကျွန်တော်နဲ့ ကျွန်တော်တို့ ၀ိုင်းတော်သား မောင်ဥဂ္ဂါ တို့ တွေ့ဖြစ်ပါတယ်။ ကျွန်တော်တို့ နှစ်ယောက်တွေ့တိုင်း များသောအားဖြင့် MMG ဖိုရမ်အကြောင်း ဆွေးနွေးဖြစ်ကြပါတယ်။ မောင်ဥဂ္ဂါကတော့ သူတို့ရဲ့ လူမှုဖွံ့ဖြိုးရေး လုပ်ငန်းတွေ အကြောင်း မမောနိုင်၊ မပန်းနိုင် ပြောသလို ကျွန်တော်ကလည်း ကျွန်တော်နှစ်သက်တဲ့ Wordpress အကြောင်းနဲ့ ကျွန်တော်ဝါသနာပါတဲ့ Wordpress theme ကလိပုံတွေ အကြောင်းကို ရေနွေးကြမ်း သောက်သောက်ပြီး ပြောပါတယ်။ (မောလို့ပါ)။ အဲဒီလို ပြောကြရင်း သူ့စကားတွေဘက် ကျွန်တော် ပါသွားလိုက်၊ ကျွန်တော့် စကားဘက် သူပါလာလိုက်နဲ့ နောက်ဆုံး Wordpress theme တွေ အကြောင်းမှာ ကျွန်တော်တို့ ၂ ယောက် ခြေချင်းလိမ် နေကြပါတယ်။ အဲဒီအခါမှာ မောင်ဥဂ္ဂါ က ကျွန်တော့်ကို Theme တွေ ပြောင်းတဲ့ အခါမှာ အခက်အခဲ တစ်ခုမဟုတ် တစ်ခု တွေ့ရလေ့ ရှိတတ်ကြောင်း၊ အွန်လိုင်းမှာ Wordpress Theme (template) တွေကို တက်ပြင်တဲ့ အခါမှာ အခန့်မသင့်ရင် မိမိဆိုဒ်ကို ထိခိုက်ကြောင်း၊ အဲဒီ့အတွက် အွန်လိုင်းပေါ်မှာ မဟုတ်ပဲ အော့ဖ်လိုင်းမှာပဲ ပြင်ဆင်မှုတွေ လုပ်မယ်ဆိုရင် အဆင်ပြေမယ် ဖြစ်ကြောင်း ပြောပါတယ်။ တဆက်တည်း သူက အဲဒီလို အော့ဖ်လိုင်း ပြင်ဆင်မှု ပြုလုပ်နိုင်ကြောင်းကို သူဆိုဒ်တစ်ခုမှာ တွေ့ဖူးကြောင်း အသိပေးပါတယ်။ ဒါနဲ့ ကျွန်တော်လည်း သူပြောပြချက်ကို အတော်လေး စိတ်ဝင်စားသွားပါတယ်။ ဘယ်မှာ ရှိနိုင်မလဲ စဉ်းစားမလို့လုပ်တုန်း မှာပဲ mmwordpress ကို သွားသတိရပါတယ်။ အဲဒါနဲ့ အွန်လိုင်းပေါ်တက် ကွန်ယက်ပေါ် မျက်စိကစားရင်း ကိုသင်္ကြန်နဲ့ ကျွန်တော်ရဲ့ ဘလော့ဂါတွေ စုဝေးထားတဲ့ Gtalk မှာ သွားတွေ့ပါတယ်။ ရေငတ်နေတဲ့ ကျွန်တော့်ကို ကိုသင်္ကြန်က ရေတိုက်သွားပါတယ်။ သူဖန်တီးထားတဲ့ mmwordpress မှာ Wordpress Locally အသုံးပြုနည်းကို ကျွန်တော် ဖတ်လိုက်ရပါတယ်။ သူပြောသလို " အင်တာနက် မရှိတဲ့ အချိန်၊ ချို့ယွင်းမှုဖြစ်နေတဲ့ အချိန် ဒါမှမဟုတ် အင်တာနက်မရှိတဲ့ နေရာရောက် နေလို့ဆိုပြီး ကိုယ့်ဘလော့ဂ်ကို ဘာမှမလုပ်နိုင်ပဲ ပစ်ထားရတဲ့ အခြေအနေမျိုးကလည်း ရှောင်ရှားနိုင်ပြီး အင်တာနက်ရတာနဲ့တပြိုင်နက် မိမိရဲ့ Update တွေကို ချက်ချင်းလက်ငင်း အသုံးပြုစေ" နိုင်ဖို့ ဒီလင့်က် လေးမှာ သွားရောက် ဖတ်ရှု အသုံးချနိုင်ပါတယ်။ အားလုံးပဲ Wordpress သုံးရာမှာ လွယ်ကူမှုတွေ ရရှိနိုင်ပါစေ။

Thursday, March 25, 2010

ကိုယ့်အကြိုက်

လူတိုင်း လူတိုင်းတွင် ကိုယ်စီ ကိုယ်စီ အကြိုက်တစ်မျိုးစီ ရှိကြဧ။်။ ထို အကြိုက်များအား အချို့သူတို့ အမှန်တကယ် ပိုင်ဆိုင်ခွင့် ရဧ။်။ အချို့သူတို့မှာမူ စိတ်ကူးထဲတွင်သာ ပိုင်ဆိုင်နိုင်ကြပါဧ။်။ ကျွန်တော်သည် အချို့ကို တကယ်ပိုင်ဆိုင် ခဲ့ရပါဧ။်။ အချို့ကို စိတ်ကူးတွင်သာ ပိုင်ဆိုင်ရပါဧ။်။ အချို့ကိုမူ ပိုင်ဆိုင်ပြီးမှ စွန့်လွှတ်ခဲ့ ရပါဧ။်။

ကျွန်တော် ကြီးပျင်းရှင်သန်ခဲ့ရာ ကျွန်တော်တို့ မိသားစု နေထိုင်ခဲ့သော နေအိမ်ကြီးကို ကျွန်တော် အလွန် ကြိုက်နှစ်သက်ခဲ့ပါ၏။ ကျွန်တော့်အား မိဘများနှင့် အတူ ကြည်နူးနွေးထွေး မှုကို ပေးသော ထိုအိမ်ကြီးကို ကျွန်တော် အလွန် သံယောဇဉ် ရှိခဲ့ပါ၏။ ယနေ့ထက်တိုင် ဖြစ်ပါသည်။ သို့သော် ယခုနေ့ အခါတွင်မူ ကျွန်တော် ထို အကြိုက်ကို စွန့်လွှတ်ခဲ့ရ၏။

ကျွန်တော်အား ၁၄ နှစ်သား အရွယ်မှပင် ကားမောင်းကျွမ်းကျင်မှု အတတ်ပညာကို သင်ပေးသော ကျွန်တော်တို့၏ 230 E Mercedes Benz ကားကြီးကို ကျွန်တော် အလွန်ကြိုက်ခဲ့ပါ၏။ မွေးချင်း တစ်ယောက်သဖွယ် ပြုမူ ဆက်ဆံခဲ့ပါ၏။ ကျွန်တော့် အပေါ် အနွံအတာ ခံလွန်းသဖြင့် သနားလည်း သနားခဲ့ပါ၏။ သို့သော် ယခုအခါတွင်မူ တပါးသူလက်ထဲတွင် အရောင်ပြောင်းကာ ကျွန်တော်နှင့် ဝေးကွာခဲ့ပါ၏။

ကျွန်တော်နှင့် ပထမအိမ်ထောင်ကျ ခဲ့သော Pentium 3 Desktop Computer Set လေးကို ကျွန်တော် နှစ်သက်မြတ်နိုးခဲ့ပါ၏။ သူ့အရှေ့တွင် အချိန်ပြည့် နီးပါးထိုင်ချင်ခဲ့ပါ၏။ သူ့အကြောင်းများသာ စဉ်းစားနေချင်ပါ၏။ ယနေ့ သူ့ကိုစွန့်ကာ ကျွန်တော် ဒုတိယ အိမ်ထောင်ကျ ခဲ့ပါ၏။

ကောင်မလေးကို ကျွန်တော်ကြိုက်နှစ်သက်ပါ၏။ ကျွန်တော်၏ ဘ၀လက်တွဲဖော် ဖြစ်ပါ၏။ ကျွန်တော်၏ ၀ိညာဉ်တခြမ်း ဖြစ်ပါ၏။ ကျွန်တော့် အပေါ် အနွံအတာ ခံသောသူ ဖြစ်ပါ၏။ သူ့ကို ချစ်နေရင်းဖြင့်ပင် ကျွန်တော် သေချင်ပါ၏။ သို့သော် တချိန်က သူနှင့် တူတူသောက်ခဲ့သော ကျွန်တော်တို့ နှစ်ယောက်လုံး အလွန်ကြိုက်နှစ် သက်ခဲ့သော ကော်ဖီပူပူလေးများကို ကျွန်တော့်၏ အစာအိမ်ရောဂါကြောင့် ယနေ့ ကျွန်တော် စွန့်လွှတ်လိုက်ရပါတော့၏။

ကျွန်တော်၏ အကြိုက်များဖြစ်ပါသည် ကိုဏီလင်းညို ခင်ဗျား။

Monday, March 22, 2010

Wordpress Banner အလွယ်တကူ ပြောင်းဖို့

Wordpress banner တွေ၊ Theme တွေ ခဏခဏ ပြောင်းပြီး၊ ကလိချင်နေတဲ့ သူတွေ အတွက် ဒီပို့စ်လေးကို ရည်ရွယ်ပါတယ်။ ကျွန်တော့်ကို လမ်းညွှန်ပေးတာကတော့ ကျွန်တော့် ဆရာ မောင်သားဖြိုး ပါ။ ကျွန်တော်တို့လို ကလိတာ ၀ါသနာပါ သူတွေအတွက် လွယ်ကူစေဖို့ ကျွန်တော် ပြန်လည် ဝေမျှပါမယ်။ ဖြတ်လမ်းနည်းလေး တစ်ခုပါခင်ဗျာ။ ကျွန်တော်တို့ အရင်က မိမိသုံးထားတဲ့ သီးမ်စ်တွေမှာ ဘန်နာပြောင်းချင်ရင် FTP ကို Run ဦး၊ ဟို့စ်တင်းကို သွားဦး၊ အဲဒီထဲမှာမှ Image ဖိုင်ကို ၀င်ဦးနဲ့ တဆင့်ပြီး တဆင့် အလုပ်ရှုပ်ရပါတယ်။ ဒီကြားထဲ ကော်နက်ရှင်က မကောင်းရင် FTP ကလည်း ဒုက္ခပေးတတ်ပါသေးတယ်။ ဒါကြောင့် အဲဒီလို ရှည်ရှည်ဝေးဝေး သွားနေစရာမလိုပဲ ကိုယ့်စက်ထဲမှာတင် ဘန်နာကို ပြောင်းပြီး သီးမ်စ်ထဲ ထည့်နိုင်မယ့် နည်းလမ်းလေးကို ဖောက်သည်ချ လိုက်ပါတယ်။ ကိုယ်ဘန်နာ ပြောင်းချင်တဲ့ သီးမ်စ်ကို အရင်ဆုံး ဒေါင်းလုဒ် ချထားရပါမယ်။ (လက်ရှိအဲဒီ သီးမ်စ် သုံးထားရင်တော့ တခြား သီးမ်စ်တစ်ခု ခဏပြောင်းထားလိုက်ပါ။) သီးမ်စ်ကို ဒေါင်းလုဒ်ချပြီးရင် ဇစ်ဖြေပါ။ အဲဒီဖြေထားတဲ့ ဖိုင်ကို ဖွင့်ပါ။ အဲဒီမှာ သီးမ်မှာပါဝင်တဲ့ image တွေရဲ့ image ဖိုင်တွေ့ပါမယ်။ အဲဒီဖိုင်ကို ထပ်ဖွင့်ပါ။ အဲဒီထဲမှာ မူရင်းတင်ထားတဲ့ ဘန်နာ image ကိုတွေ့ပါမယ်။ အဲဒီဆိုဒ်ကို သေသေချာချာ မှတ်သားထားပါ။ အဲဒီ image ရဲ့ နံမည်ကို လည်း မှတ်သားထားပါ။ ပြီးရင် ကိုယ်တင်မယ့် ဘန်နာပုံကို အဲဒီ image ဆိုဒ်အတိုင်း ပြင်ပါ။ နံမည်ကိုလည်း သူ့အတိုင်း ပြန်ပေးပါ။ (ဥပမာ.. မူရင်းက title ဆိုရင် ကိုယ်ကလည်း title လို့ပေးရပါမယ်။) ကိုယ့်တင်မယ့် ဘန်နာကို စိတ်ကြိုက်ပြင်ဆင် လို့ပြီးရင် ခုန သီးမ်စ်ထဲက image file ထဲက မူရင်းပုံကို ဖျက်လိုက်ပါ။ ပြီးရင် ကိုယ့်ပုံကို အစားထိုးပါ။ (တခါတခါ မူရင်း image တွေက ၂ ပုံစီ ပါတတ်ပါတယ်။ ၂ ပုံပါရင် ၂ ပုံတင်ပေးပါ)။ အစားထိုးပြီးရင် အဲဒီ Zip ဖြေထားတဲ့ သီးမ်စ်ဖိုင်ကို Zip file ပြန်ထုပ်ပါ။ Zip file ဖြစ်ရပါမယ်။ Rar မဖြစ်ဖို့ သတိထားပါ။ ပြီးသွားရင် မိမိ Wordpress ရဲ့ Dashboard - Appearance - Install a Theme ကနေ အဲဒီ သီးမ်စ်ကို တင်လိုက်ပါ။ Theme ထဲရောက်သွားတာနဲ့ Activate လုပ်ပါ။ ကိုယ်ဖန်တီးထားတဲ့ ဘန်နာနဲ့ တင်လိုက်တဲ့ သီးမ်ဟာ စိတ်ကျေနပ်စရာ လှပနေတာကို တွေ့ရပါမယ်ခင်ဗျာ။ အားလုံး အဆင်ပြေနိုင်ကြပါစေ။

Friday, March 19, 2010

အသိတရား

ကျွန်တော်တို့ အားလုံး လူအဖြစ် မွေးဖွားလာပြီး တဲ့နောက်မှာ အသိတရား ကိုယ်စီတော့ ရှိလာကြပါတယ်။ အရူးတွေမှာ တောင် သူတို့နဲ့ ပတ်သက်တဲ့ အသိတရားလေး တွေတော့ အနည်းနဲ့ အများရှိကြပါတယ်။ အဲ.. လူမဟုတ်တဲ့ တိရစ္ဆာန်တွေ မှာလည်း သူတို့နည်း သူတို့ဟန်နဲ့ သူတို့နဲ့ ပတ်သက်တဲ့ အသိတရားလေးတွေ ရှိကြပါတယ်။ ဒါပေမယ့် လူကောင်း ပကတိ ဖြစ်ပြီး လူ့အသိစိတ် ပါမလာတဲ့ သူတွေကတော့ အဲဒီ အရူးတွေ၊ တိရစ္ဆာန်တွေလောက် တောင် တန်ဖိုးရှိနိုင်မှာ မဟုတ်ပါဘူးဗျာ။ မိနှင့်ဘ ကမွေးဖွားလို့ ကျွန်တော်တို့ လူ့လောက ကိုရောက်လာပါတယ်။ ဘာမှမလုပ်ပဲ နို့သောက်ပြီး ဗိုက်ပြည့်လာခဲ့တယ်။ ဒီအသက်အရွယ်ထိ ကြီးပြင်းလာခဲ့ပါတယ်။ စာတတ်လာတယ်။ လူတွေနဲ့ ဆက်ဆံတတ်လာတယ်။
အရင်တချိန်မှာ ကိုယ့်အပေါ် လိုလေးသေး မရှိအောင် ထားနိုင်ခဲ့တယ်။ သူတို့ကြောင့် အသိုင်းအ၀ိုင်းကြားမှာ မျက်နှာရခဲ့တယ်။ လောက နိယာမ အတိုင်း အခြေအနေ ဆိုတာ တသမတ်တည်း မရှိနိုင်ဘူးပေါ့။ အခုအချိန်၊ ကိုယ် အိမ်ထောင်ရက်သား ကျပြီးနောက်ပိုင်း သူတို့ဆီမှာ သေးငယ်တဲ့ အကူညီလေး တစ်ခုတောင် မရနိုင်တော့ဘူးဆိုရင်.... ကျွန်တော်တို့ ဘယ်လိုထင်ကြမလဲ။ ငြူစူမယ်။ မကောင်းပြောမယ်။ (နောက်ကွယ်မှာရော... တချို့တချို့ ရှေ့တင်ရော)။ ကိုယ့်မွေးချင်းတွေထဲမှာ မိဘက ကိုယ့်ထက် ဦးစားပေးတဲ့ မွေးချင်း ရှိကောင်းရှိမယ်။ ဒါကလည်း သူ့ကုသိုလ်နဲ့ သူပဲဗျ။ သူ့ကို မနာလို၊ မိဘကို မကောင်းပြောလို့ မရဘူး။ ကိုယ်လိုအပ်နေတဲ့ အချိန်မှာ မိဘဆီက မရခဲ့လို့ သွေးပူပူနဲ့ ကိုယ့်မိဘ အပေါ်ပြောလိုက်တဲ့ စကားတစ်ခွန်း၊ သူတို့ နာကျင်သွားရင် ကျွန်တော်တို့ တသက် ခေါင်းမဖော်နိုင်အောင် လူ့လောကမှာ နေထိုင်သွားရမယ်။ စိတ်ဆိုးတာက ခဏပါဗျာ။ စိတ်နာတာက ဖျက်မရအောင် ဖြစ်တတ်တယ်။ မိခင်က ပြည့်တန်ဆာပင် ဖြစ်ပါစေ မိခင်ကို မိခင် နေရာမှာပဲ ထားပါလို့ အဆိုတစ်ခု ကျွန်တော် ကြားဖူးတယ်။ ကျွန်တော်တို့ ကိုယ်တိုင် တချိန် မိဘတွေ ဖြစ်လာကြမယ်ဗျာ။ ၀ဋ် ဆိုတာ လည်ကို လည်မယ်ဗျ။ ကိုယ် ကိုယ်တိုင် အသိတရား ရှိမှ၊ ကိုယ့် အပေါ်လည်း အသိတရားတွေ ရှိလာကြလိမ့်မယ်။ လူ ပီသဖို့ ကျွန်တော်တို့ အမြဲတမ်း ကြိုးစားနေကြရမှာပေါ့ ဗျာ။


(ကျွန်တော်ရေးတာ အဆီအငေါ် မတည့်ဖြစ်ချင် ဖြစ်မယ် ကိုမောင်မိုး ရေ။ ဒါပေမယ့် ရင်ထဲမှာ ထွက်လာတာတွေကို လက်တမ်းချ ရေးလိုက်တဲ့ အတွက် ခွင့်လွှတ်ပါ။)

Monday, March 15, 2010

Return of MMgenius by Blackdream

ကျွန်တော်တို့ MYANMARGENIUS နဲ့ MMGENIUS BLOG SERVICE ရဲ့ တည်ထောင်သူနဲ့ ADMIN ချုပ်ဖြစ်တဲ့ ကိုဘလက် (Blackdream21) ရဲ့ မိန့်ခွန်းလေးကို ကျွန်တော် အမှတ်တရ ဖော်ပြပေးလိုက်ပါတယ်။ ကျွန်တော်တို့ MMGENIUS ပြန်လည် လည်ပတ်ခြင်း အထိမ်းအမှတ် ဖြစ်ပါတယ် ခင်ဗျာ။

အားလုံးပဲ မင်္ဂလာပါ..။ :) ကျွန်တော်လည်း ပေါ်မလာ ဇာတ်လမ်းရိုက်နေတာ တော်တော်ကြာ သွားပါတယ်..။ ပုံပြောသွားတယ်လို့တော့ မထင်စေချင်ဘူး..။ ပြီးခဲ့တဲ့ ရက်ပိုင်းတွေက ဘာတွေနဲ့ရှုပ် လို့ရှုပ်မှန်းကို မသိအောင် ရှုပ်ရှက်ခက်နေတာပါ။ ကြွားတယ်လို့တော့ မထင်စေချင်ဘူး..။ (ဟဲ ဟဲ..။ ကြွားတာကတော့ ကြွားတာပေါ့) ကျွန်တော် Laptop လေးတစ်လုံးအသစ် ၀ယ်လိုက်ပါတယ်..။ အဲ့ဒီ့ ၀ယ်လိုက်တဲ့ Laptop မှာပါတဲ့ VGA က 64 bit Window တင်မှ Driver ကအလုပ်လုပ်ပါတယ်။ 32 bit တင်ရင်အလုပ်မလုပ်ပါဘူး..။ ဒီတော့ ကျွန်တော်လည်း 64 ပဲသုံးရပါတယ်..။ အဲ့ဒီ့မှာ ပြသနာကစပါတယ်..။ မြန်မာစာ Font Run လိုက်တော့ ဖတ်လို့တော့ရပါရဲ့..။ လုံးဝရေးလို့မရတော့ပါဘူး…။ ဟိုကလိ ဒီကလိနဲ့ တတ်တဲ့ပညာတွေ အကုန်ထုတ်သုံးပေမယ့်လည်း ဘယ်လိုမှ အဆင်ပြေမလာ တော့ပါဘူး…။ ဒီလိုနဲ့ပဲ မနေ့ကမှ ကျွန်တော့်ညီ မိုးသောက်ယံ က 64 bit အတွက် ထုတ်ထားတဲ့ Software လေးပေးတော့မှပဲ အဆင်ပြေသွားပါတယ်..။ ဒါနဲ့ပဲ အခု စာပြန်စရေး ဖြစ်တယ်ပေါ့ဗျာ..။ :)

ကျွန်တော်အရင်ဆုံး မင်္ဂလာရှိတဲ့သတင်းတစ်ခုကိုပြောချင်ပါတယ်..။ အဲ့ဒါကတော့ ကျွန်တော်တို့ ညီအစ်ကိုတွေ စုပေါင်းပြီးတည်ထောင်ထားတဲ့ MMGenius Blog Service အကြောင်းပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ ISP ကလူတွေကတော့ ဘယ်လိုတွေ သဘောရပြီး အမြင်မကြည်လင်တာတွေ ရှိလို့ Ban လိုက်တယ်တော့မသိဘူး..။ လွန်ခဲ့တဲ့ ၄ လကျော်လောက်က ကျွန်တော့်ရဲ့ www.blackdream21.com အပါအ၀င် www.mmgenius.com ပါ အ Ban ခံလိုက်ရပါတယ်..။ ဒါနဲ့ပဲ ကျွန်တော်တို့ အရင်ကထားခဲ့တဲ့ ရည်ရွယ်ချက်တွေ အားလုံးသဲထဲရေသွန်သလိုဖြစ်ပြီး တော်တော်လေး စိတ်ဓာတ်ကျသွားခဲ့ကြပါတယ်…။

ဒီလိုတွေ မဖြစ်ခင် ကျွန်တော်တို့ Server အချိန်းအပြောင်းမှာ ကျွန်တော့်ရဲ့အားနည်းချက်၊ အသုံးပြု သူတွေရဲ့ ပေါ့ဆမှုတွေကြောင့် ကျွန်တ်ာတို့ MMGenius မှာလုပ်ထားကြတဲ့ Blog တွေ တော်တော်များများ ပျက်စီးသွားပါတယ်..။ ဒီလိုတွေမဖြစ်အောင်လို့ ကျွန်တော့်အနေနဲ့ အသုံးပြုသူတွေကို Server ပြောင်းမှာ ဖြစ်တဲ့အတွက် Backup များ လုပ်ထားကြဖို့ အကြိမ်ကြိမ် email များပို့ပြီး သတိပေးခဲ့ပါတယ်..။ ဒါပေမယ့်လည်း ကိုယ်စီကိုယ်စီအကြောင်းတွေကြောင့် Backup လုပ်မိတဲ့သူထက် မလုပ်မိတဲ့သူတွေက ပိုများကြပါတယ်..။ Backup မလုပ်ထားရင်တော့ Server ကြီးတစ်ခုလုံး အသစ်ပြောင်းလိုက်တာဖြစ်တဲ့အတွက် ကျွန်တော်လည်း ဘာမှ ပြန်ပြီးမကူညီနိုင်တော့ပါဘူး..။

အဲ့လိုအကြောင်းတရားတွေကဖြစ်..။ အခြား နားလည်မှုမပေးနိုင်သော၊ လူမှုရေးနားမလည်သည့် သူတွေရဲ့ အပြောအဆိုတွေခံရနဲ့ ကျွန်တော်လည်း လုပ်ချင်ကိုင်ချင်စိတ် တော်တော်ပျောက်သွားတာ တော့အမှန်ပါပဲ…။ ဒီကြားထဲ ကျွန်တော့်ရဲ့ Personal ကိစ္စတွေကပါ တစ်ဘက်က ရှိလာပြန်တော့ အကြောင်းအရာ များအားလုံး ပေါင်းစည်းလိုက်တဲ့အချိန်မှာ ကျွန်တော်…။ ကျွန်တော့် ကိုယ်ပိုင် ဘလော့ အပါအ၀င် ကျွန်တော်တို့ တည်ထောင်ထားတဲ့ Site တွေအားလုံးကို လျစ်လျူရှုလိုက်မိသလို ဖြစ်သွားပါတယ်..။

ဒါပေမယ့် တစ်နေ့မှာ ကျွန်တော် ဘလော့တွေကို လိုက်ဖတ်ကြည့်ရင်း Backup လုပ်ထားလို့ကျန်ခဲ့ တဲ့ www.mmgenius.com နဲ့ရေးနေကြတဲ့ Zox ရဲ့ Post နှစ်ခုကို ဆက်တိုက်ဖတ်လိုက်မိပါတယ်..။ အဲ့ဒီ့မှာ ကျွန်တော်တို့ MMGenius ကပေးထားတဲ့ ၀န်ဆောင်မှုကို သစ္စာရှိရှိနဲ့ တစ်စိုက်မတ်မတ် ဆက်လက် အသုံးပြုကာရေးနေကြတဲ့ ညီအစ်ကိုမောင်နှစ်မတွေရဲ့ ဆန္ဒတွေနဲ့ ရင်ထဲက ခံစားချက်တွေကို ကျွန်တော် ဖတ်မိလိုက်ပါတယ်..။ ကျွန်တော် တကယ်ပဲ စိတ်မကောင်း ဖြစ်ခဲ့ရပါတယ်..။ စိတ်ပျက် လက်ပျက် ဖြစ်နေတဲ့ ကျွန်တော့်ရဲ့ စိတ်တွေလည်း တစ်ခါ ခေါင်းပြန်ထောင်လာပါတယ်…။ နားလည်မှု မရှိတဲ့ လူအချို့ကြောင့် တကယ် တစ်စိုက်မတ်မတ် အသုံးပြုနေတဲ့သူတွေ..။ သုံးချင်တဲ့သူတွေရဲ့ အကျိုးတွေ ကျွန်တော့်ရဲ့ ပျော့ညံ့မှုကြောင့် ပျက်ဆီးကုန်တယ်လို့ ကျွန်တော်ခံစားလိုက်ရပါတယ်..။

Myanmar Genius Forum မှာဆိုရင်လည်း Blog လုပ်ပေးဖို့တောင်းဆိုထားတဲ့ Request ပေါင်းများ စွာကို ကျွန်တော်တွေ့ပေမယ့် …။ ဒီအတိုင်းပဲ ငူတူတူ ငေါင်တောင်တောင်နဲ့ ကြည့်နေရုံကလွဲပြီး ကျွန်တော် ဘာမှမလုပ်ပေးခဲ့မိပါဘူး..။ ဒါတွေအားလုံးဟာ တကယ်တော့ ကျွန်တော့်အပြစ်တွေပါပဲ။ ဒီအတွက်လည်း ကျွန်တော် အားလုံးကိုတောင်းပန်ပါတယ်..။ အခုရေးနေတဲ့သူတွေရော…။ အရင်ကရေးခဲ့တဲ့သူတွေရော..။ နောင်ရေးလာမယ့်သူတွေရော အားလုံးကို တောင်းပန်ခြင်း ဖြစ်ပါတယ်..။

အခုတော့ MMGenius က မြန်မာပြည်မှာ ဖွင့်လို့ရတဲ့နေရာကရ..။ မရတဲ့ နေရာကမရ ဖြစ်နေတော့..။ အခြေအနေအမှန်ကို ကျွန်တော်ကိုယ်တိုင် အတိအကျတော့ မသိပါဘူး..။ ဒါပေမယ့် ကျွန်တော်ဆုံး ဖြတ်ချက် တစ်ခုကိုတော့ ပြတ်ပြတ်သားသားချလိုက်ပါတယ်..။

ပိတ်ထားသည်ပဲ ဖြစ်ဖြစ်..။ ဖွင့်ထားသည်ပဲ ဖြစ်ဖြစ်..။ ကျွန်တော်တို့ စေတနာအရင်းခံထားပြီးလုပ်ခဲ့တဲ့ အလုပ်တစ်ခုကို ကျွန်တော် ဆက်လက်ဖို့ ဆုံးဖြတ်လိုက် ပါတယ်..။ အရင်လို အဆင်ပြေလွယ်ကူစွာ အသုံးပြုလို့မရနိုင်တော့ပေမယ့်…။ မြန်မာလူမျိုးတွေကြားထဲမှာ ကိုယ့်လူမျိုးအခြင်းခြင်းပေးနေတဲ့ ၀န်ဆောင်မှုတစ်ခုကို တော့ ကျွန်တော် အပျက်အစီးမခံနိုင်တာအမှန်ပါ…။

ဒါကြောင့် အခုအချိန်ကာလ အတော်ကြာရပ်ဆိုင်းသွားတဲ့ MMGenius ကို ပြန်လည် စတင်လည်ပတ်လိုက်ပြီ ဖြစ်ပါတယ်..။ ဒီနေရာမှာ ကျွန်တော်အားလုံးနဲ့ မိတ်ဆက်ပေးချင်တာကတော့..။ MMGenius Blog Service အတွက် ကျွန်တော် Admin အသစ်နှစ်ယောက်နှင့် အားဖြည့်ဖွဲ့စည်းလိုက်ပါတယ်..။ ကျွန်တော်ကိုယ်တိုင် စာတမ်းကြောင့် မအားလပ်နိုင်တော့တာက တစ်ကြောင်း..။ တစ်ယောက်ထဲလုပ်နေရတာထက်စာရင် အားလုံးစုစုစည်းစည်းလေးနဲ့ ၀ိုင်းကြိုးစား လိုက်ရင် ပိုမိုအောင်မြင်ထိရောက်စွာ အကျိုးပြုနိုင်မယ်လို့ ယုံကြည်တာကတစ်ကြောင်းကြောင့်..။ သားဖြိုး (ကဗျာလွယ်အိတ်လေး) နဲ့ Zox (Netmaze) တို့ကို MMGenius BLog Service ရဲ့ Admin များအဖြစ် သတ်မှတ်ပေးလိုက်ပါတယ်..။ အခု သူတို့ နှစ်ယောက် ပူးပေါင်းတိုင်ပင်ပြီး Blog တွေ ပြန်ပေးနေပါပြီ..။ အရင်တောင်းထားတဲ့သူတွေကိုလည်း ပြန်ပေးနေပါပြီ..။ အသစ်ထပ်တောင်းမယ့်သူတွေကိုလည်း ပေးကြပါလိ့မ်မယ်..။

အရင်က ကျွန်တော်တစ်ယောက်ထဲလုပ်နေတာထက် အခု ကျွန်တော့်ညီနှစ်ယောက်က ထပ်ပြီး အားဖြည့်ကူညီလိုက်ကြတော့ ကျွန်တော်တို့ရဲ့ MMGenius Blog Service ဟာ အရင်ကထက် ပိုမို အရှိန်ပြင်းစွာ၊ ပိုမိုထိရောက်စွာ အကျိုးပြုလာနိုင်မယ်လို့ ကျွန်တော်အတိအကျယုံကြည်ပါတယ်…။ ကျွန်တော့်ကို အခုလို တစ်ဘက် တစ်လှမ်းက ကူညီတဲ့ အတွက်လည်း ကျွန်တော် တော်တော်လေး ၀မ်းသာမိပါတယ်..။ သားဖြိုးနဲ့၊ Zox မှ မဟုတ်ပါဘူး..။ ယခုအချိန်အထိ MMGenius မှာ တစ်စိုက် မတ်မတ်ရေးခဲ့တဲ့..။ မောင်ဥဂ္ဂ၊ နေ့အိပ်မက်၊ ဖိုးဂျယ် တို့ကိုလည်း ကျွန်တော် တကယ်ကျေးဇူးတင်ပါ တယ်..။

ဒါကြောင့် အခု ကျွန်တော်တို့ MMGenius Blog Service ကိုအရင်အတိုင်း အရှိန်အဟုန်ဖြင့် ပြန်လည်မောင်းနှင်နေပြီ ဖြစ်ကြောင်း ပထမအချက်အနေနဲ့ သတင်းကောင်းပါးလိုက်ပါတယ်..။

ဒုတိယအချက်အနေနဲ့ ကျွန်တော်တို့ ညီအစ်ကိုမောင်နှစ်မတွေ စုစည်းပြီး ဦးစွာတည်ထောင်ခဲ့တဲ့ Myanmar Genius Forum အကြောင်းကို ကျွန်တော်နဲနဲလေး ဆက်ပြီး ပြောပြချင်ပါတယ်..။ ကျွန်တော်တို့လူမျိုးတွေ တည်ထောင်ထားတဲ့ များစွာသော ဖိုရမ်များအနက် ကျွန်တော်တို့ Myanmar Genius ဖိုရမ်ဟာ အရမ်းအောင်မြင်ခဲ့ခြင်းမရှိသည့်တိုင်အောင်..။ အုတ်ရောရောကျောက်ရောရော အဆင့်ကို မရောက်ပဲ အတိုင်းအတာတစ်ခုအထိ အသိအမှတ်ပြု လူစိတ်ဝင်စားခြင်းကို ခံခဲ့ရတဲ့အတွက် ကျွန်တော် ဂုဏ်ယူပါတယ်..။ ကျွန်တော်တို့ရဲ့ Myanmar Genius ၀န်ဆောင်မှုများအပေါ်မှာ လူအများ ဘယ်လောက်အထိ စိတ်ဝင်စားမှုရှိတယ်မရှိဘူးဆိုတာကို ကျွန်တော်တို့ Facebook မှာလုပ်ထားတဲ့ Fan Page နဲ့ Group မှာ လူပေါင်းထောင်ကျော်အောင် Member များရှိနေခြင်းက သက်သေတည်နေပါတယ်..။

အခု ကျွန်တော်တို့ရဲ့ Myanmar Genius Forum ကို ကျွန်တော်ရယ် ကျွန်တော့်အစ်ကို ဖြစ်တဲ့ ကိုရဲအောင်သူရယ် ပူးပေါင်းပြီး ပြန်လည် လည်ပတ်အောင် လုပ်နေပြီဖြစ်ပါတယ်..။ ကိုရဲအောင်သူရဲ့ ဦးဆောင် စီစဉ်မှုနဲ့ပဲ လွန်ခဲ့တဲ့ နှစ်လက Myanmar Genius Forum မိသားစုများရဲ့ ပထမဆုံး အကြိမ်အလှူတစ်ခု ကိုအောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ပြီးဖြစ်ပါတယ်..။ ဒါဟာ ကျွန်တော်တို့ Myanmar Genius Forum ရဲ့ ပထမဦးဆုံးသော ခြေလှမ်းတစ်ခုဖြစ်ပါတယ်..။ အဲ့ဒီအချိန်ကာ လတုန်းက ကျွန်တော် အကြောင်းအမျိုးမျိုးကြောင့် မဖော်ပြဖြစ်ခဲ့တာကြောင့် အခုဖော်ပြခြင်းဖြင့် ဂုဏ်ပြုခြင်း ဖြစ်ပါတယ်..။ အဲ့ဒီ့အလှူဖြစ်အောင် ၀င်ရောက်ကူညီ ကြတဲ့ ဖိုရမ် မန်ဘာများ အက်ဒမင်းများကိုလည်း ကျွန်တော် ဒီနေရာကနေပဲ ကျေးဇူးတင်ကြောင်း ပြောပါရစေ..။

အလှူရက် သတ်မှတ်မှုကပ်သွားခြင်း…။ ထုံးစံအတိုင်း ကျွန်တော့်ရဲ့ အသုံးမကျခြင်းကြောင့်..။ မန်ဘာများကို သေသေချာချာ လှုံဆော်စည်းရုံးနိုင်ခဲ့ခြင်း မရှိတာကတော့ ကျွန်တော့်ရဲ့ အဓိက အားနည်းချက်ကြောင့်ပဲ ဖြစ်ပါတယ်..။ ဒါပေမယ့် ကျွန်တော်တို့ Myanmar Genius Forum ရဲ့ ခြေလှမ်း တွေဟာ ဒီတစ်ခု ထဲမှာ ပြီးဆုံးသွားမှာမဟုတ်ပဲ နောက်ထပ် အကြိမ်တွေထပ်ရှိလာဦးမှာဖြစ်တဲ့ အတွက် နောင်အခါများမှာတော့ ယခုထက်ပိုပြီး မန်ဘာများ၊ စေတနာရှင်၊ အလှူရှင်များ ပိုမိုထိရောက် စွာပါဝင်လာနိုင်အောင် ကျွန်တော် ကြိုးစားသွားပေးပါ့မယ်လို့ ပြောကြားရင်း..။ ကျွန်တော့်ရဲ့ တစ်ကြော့ပြန် ပို့စ်တစ်ခုအဖြစ် ဖော်ပြလိုက်ပါတယ်..။

P.S- အားလုံးပဲ Myanmar Genius Forum နဲ့ MMGenius Blog Service သို့လာရောက်လည်ပတ် ကာ Member ၀င်ခြင်း၊ Blog များပြုလုပ်ခြင်းများ ပြုလုပ်ကြဖို့ ကျွန်တော်လေးစားစွာ ဖိတ်ခေါ်အပ်ပါ တယ်..။ :)

Friday, March 12, 2010

ဂျီတော့ခ် မနျူရယ်လ်

ကျွန်တော်လည်း ဒီအကြောင်းတွေကို ခဏခဏ မပြောချင် တော့ပါဘူးဗျာ။ အားအားရှိ အရည်မရ အဖတ်မရ ဂျီတော့ခ် ထိုင်ထိုင် ပြောနေတဲ့ လူငယ်တွေ ကိုကြည့်ပြီး ဘာဖြစ်လို့ ဖြစ်မှန်း မသိဘူး။ ကိုယ်နဲ့မှ မဆိုင်တာ၊ မင်းဟာမင်း အေးအေး ဆေးဆေး နေပါလားလို့ ပြောမယ် ဆိုလည်း ခံရမှာပဲ။ ကျွန်တော့်ကို ကလည်း မနေတတ်တာ။ အခု ဒီပို့စ်ရေးနေတဲ့ အချိန်မှာတောင် ကျွန်တော့်ဘေး ကပ်ရပ်မှာ ကျူနေတာလား၊ အကျူခံနေတာလား မသိရတဲ့ ကောင်မလေး တစ်ယောက်တောင် လောလောလတ်လတ် ရှိနေသေးတယ်။ ကျွန်တော် အပါအ၀င် ကျွန်တော့်မိတ်ဆွေ ဘလော့ဂါ ညီအစ်ကို၊ မောင်နှမ တော်တော်များများ လည်း ဒီအကြောင်းနဲ့ ပတ်သက်ပြီး ရေးပြီးခဲ့ကြပါပြီ။ ဒါတွေကို သူတို့ မဖတ်မိလို့လား။ မဖတ်ချင်တာလား။ ဖတ်ပြီး ဖာသိဖာသာ နေနေကြတာလား။ မပြောတတ်တော့ပါဘူး။ ဂျီတော့ခ်က အရမ်းကောင်းပါတယ်။ အရမ်းလည်း အသုံးဝင်ပါတယ်။ ဒါပေမယ့် အသုံးပြုတတ်ဖို့ လိုတယ် ဆိုတာ သူတို့ မသိကြတာလား။ အင်တာနက် ဆိုတာကို ဂျီတော့ခ်သုံးခြင်းလို့ပဲ သူတို့စိတ်ထဲမှာ သိနေကြတာလား ကျွန်တော် မပြောတတ်တော့ပါဘူးဗျာ။ အင်တာနက်မှာ ထိုင်တယ်။ Headphone က မိုက်ကို ပါးစပ်ထဲမှာ ငုံထားတယ်။ (သူတို့ ကျူနေတာကို သူမျုားသိမှာ လည်း စိုးသေးတယ်။ ဒါပေမယ့် အားလုံး သိကြပါတယ်။) ဘေးက လူတွေကို ဂရုမစိုက်၊ ချွဲချွဲပြစ်ပြစ် အသံတွေနဲ့ ပြောမယ်။(ဒါက အရှိန်တက်လာရင် ကျယ်လာတဲ့ အသံတွေပါ။) သူတို့ ပြောနေတဲ့ သူတွေထဲမှာ ၁၀ ယောက်မှာ ၁ ယောက်လောက်တောင် အပြင်မှာ တွေ့ဖူးချင်မှ တွေ့ဖူးကြမယ်။ သူခိုး၊ ဂျပိုး လည်းပါမယ်။ ၁၀၉၊ ၁၁၀ လည်းပါမယ်။ ဘာညာတွေလည်း ပါမယ်။ အိမ်မှာတော့ မိဘက လူကြီး၊ လူကောင်း။ သူတို့ သားသမီးတွေ အလေနတော တွေနဲ့ ပြောနေတာ လုံးဝမသိ။ ငါ့သားလေး၊ ငါ့သမီးလည်း ခေတ်မှီလိုက်တာ၊ တော်လိုက်တာ။ အင်တာနက်ကနေပဲ စာတွေဖတ်၊ ပညာတွေရှာနေတယ် လို့ ထင်နေကြတယ်။ တစ်ချို့ဆို သိပ်နားမလည်တဲ့ မိဘတွေကို လိမ်ညာ၊ ဆရာက အင်တာနက်မှာ သင်္ချာပုစ္ဆာရှာတွက်ခိုင်းထားတယ် ဆိုပြီး စာကို ဘန်းပြ၊ အင်တာနက်ဆိုင်မှာ ထိုင်ကြောင်(ထိုင်အကြောင်ခံ) နေတာလည်း ရှိသေးတယ်။ ကြုံဖူးလို့ပါ။ သူတို့ အတွက် ဘာအကျိုးများ ရှိကြသလဲ။ တချို့ဆို ဓါတ်ပုံတွေ ရိုက်၊ ကွန်ပျူတာမှာ ဆေ့ဗ်ပြီး ဂျီတော့ခ်မှာ တစ်ပုံပြီး တစ်ပုံတင်ပြ။ ပြန်တော့ အဲဒီ ဓါတ်ပုံတွေက စက်ထဲမှာ ကျန်ခဲ့။ လက်ကမြင်းတဲ့ သူနဲ့တွေ့ရင် သူတို့ ဓါတ်ပုံတွေ ခေါင်းပြတ်မှာ သေချာပါတယ်။ တခါက ကျွန်တော် ပြောခဲ့သလိုပေါ့။ အင်တာနက်သာ သုံးနေတယ်။ Google ကနေ ဓါတ်ပုံတောင် မရှာတတ်သေးဘူး။ အခုလည်း တော်တော် များများရှိပါတယ်။ Documents File တွေကို Google မှာ ဘယ်လို သိမ်းလည်း မသိသေးဘူး။ ပြောရင်တော့ ပြောမကုန်ပေါ့ဗျာ။ မြန်မာဘာသာ နဲ့ ဘလော့ဂ်တွေ၊ ၀ဗ်ဆိုဒ်တွေ အများကြီးပါ။ တန်ဖိုးရှိတဲ့၊ ပညာရမယ့် ဟာတွေ ဒုနဲ့ဒေး။ ဖိုရမ်တွေဆို ဘယ်လောက် အဆင်ပြေလဲ။ ဘာအခက် အခဲရှိရှိ၊ ၀င်မေးလိုက်။ သိသူတစ်ယောက်ယောက် ကတော့ ဖြေပေးသွားတာပဲ။ အဲ... အဲလို ဖိုရမ်ဆိုတာ ကိုတောင် ဘာမှန်း မသိတဲ့ သူတွေရှိသေးတယ်ဗျ။ မပြောချင်တော့ ပါဘူးဗျာ။ ကျွန်တော့် ဆရာ မောင်မိုး က ပို့စ်ကို အရှည်ကြီး တင်ရင် လူဖတ်ပျင်းတယ်တဲ့။ လူပျင်း မဖတ်ဘူးပေါ့ဗျာ။ လူပျင်း မဖြစ်အောင် အဆုံးထိ ဖတ်ကြပါဗျာ။ အဟိ။

Sunday, March 7, 2010

Left4Dead Pc Game

ကျွန်တော် ဘလော့ဂ်ရေးချိန် လေးတွေကို ဒီဂိမ်းက ဖဲ့ယူနေတာ ကြာပြီဗျ။ ပို့စ်တွေတောင် မတင်ဖြစ်ဘူး ဖြစ်နေတယ်။ ရေးမယ်လို့ စိတ်ကူးထားတဲ့ အကြောင်းတွေ ရှိပေမယ့် ဘလော့ဂ်ရေးချိန် ဒီဂိမ်းကို ဆော့နေရတာနဲ့ ကျွန်တော် ပို့စ်မတင်ဖြစ်တော့ဘူး ခင်ဗျ။ အခုဆို Left4Dead3 တောင် ထွက်နေပါပြီ။ ဇာတ်လမ်းရော၊ ဂရပ်ဖစ်တွေကပါ တော်တော်ကို ဆော့လို့ကောင်း စိတ်ဝင်စားဖို့ ကောင်းလွန်းလို့ပါ။ ပုံကို မြင်ရင် ဘာဂိမ်းလဲဆိုတာ ပြောစရာလိုမယ် မထင်ပါဘူးဗျာ။ နားကြပ်တပ်ပြီး အသံကိုချဲ့၊ ညသန်းခေါင်လောက်မှာ ဆော့ရင် ပိုတောင် ဆော့လို့ကောင်းသေးတယ်။ ကိုယ့်စိတ် ကိုယ်မနိုင်ရင်တော့ ကလေးသေးခံ လေးတစ်ခု အောက်မှာ ခင်းထိုင်ပြီး ဆော့ပေါ့ဗျာ။ အဟဲ။ နှလုံးရောဂါရှိသူတွေတော့ မဆော့ဖို့ ကြိုတင် သတိပေးချင်ပါတယ်။ ဘာရယ် မဟုတ်ပါဘူး။ ဒီလိုပဲ လက်တို့လိုက်တာပါ။
အဲ..ဒါပေမယ့် သုံး၊ လေးယောက် ချိတ်ဆက် ကစားဖို့ အခက်အခဲ ရှိနေတယ်ဗျ။ ဘာလိုနေလဲတော့ မသိဘူး။ တကယ်လို့ သိတဲ့ သူများ ရှိရင် ဖြေကြားပေးကြပါ။

Saturday, February 27, 2010

တောင့်တသူတို့ ၀မ်းမြောက်ဖွယ်

Blog လုပ်ဖို့တောင်းဆိုထားတဲ့ member များအားလုံး ခင်ဗျာ... ကျွန်တော်တို့ MMgenius Blog Service မှ အကြောင်းအမျိုးမျိုးကြောင့် လစ်ဟင်းမှုများစွာ ဖြစ်ခဲ့ပါတယ်... member များရဲ့ တောင်းဆိုချက်ကို လျစ်လျူရှုခဲ့တာ မဟုတ်ပါဘူး... MMgenius ကို ပြန်လည် အသက် သွင်းနေရင်း အချိန်များစွာ ကုန်လွန်ခဲ့ပြီးပါပြီ... ခု လာမယ့် မတ်လ ၂ (တောင်သူလယ်သမားနေ့)မှ စတင်ပြီး member များရဲ့ တောင်းဆိုမှုများအားလုံးကို MMgenius မှ Invite လုပ်ပေးမည်ဖြစ်ပါကြောင်း ကြိုတင် အသိပေးအပ်ပါတယ်ခင်ဗျာ...

MMgenius Admin
http://mmgenius.com

Wednesday, February 24, 2010

ယူစေတော့

ငါ့မှာ ဘာမှ မရှိဘူး
ကောင်မလေး ရယ်။
ငါ့ တသက်လုံး စောင့်စည်းလာတဲ့
သစ္စာတွေကိုပဲ
နင် ထပ်ယူပါနော်။

Monday, February 22, 2010

ဆုတောင်း

ငါ မြက် ဖြစ်ချိန်
နှုတ်ယူဖို့ ကြိုးစားတဲ့ သူတွေ၊
မုန်တိုင်းမှာ မင်းတို့ စပါးတွေ
သက်စိုးရှည်ပါစေ..................။

Saturday, February 20, 2010

Slider Problem

ကျွန်တော် Web2feel wordpress themes website ကနေ ဒီ Theme လေးကို တင်လိုက်တာပါ။ မောင်သားဖြိုး တင်ထားတာကို အားကျပြီး ကျွန်တော်လည်း ဒီလိုလှတ ပတ Theme လေးကို တင်ချင်တဲ့ စိတ်လေးတွေ တဖွားဖွား ပေါ်လာပါတယ်။ ဒါနဲ့ ကျွန်တော့်ဆရာ မောင်သားဖြိုး ကို မေးတော့ သူကလမ်းညွှန် ပေးပါတယ်။ သူ့လိုသီးမ်စ် တွေလိုချင်ရင် အဲဒီ ၀ဗ်ဆိုဒ်ကို သွားပြီး ကြိုက်တာကို ရွေး၊ ကြိုက်သလို သုံးနိုင်ကြောင်း ပြောပါတယ်။ ကျွန်တော်ကလည်း ဟုတ်ပြီပေါ့။ သူပြောသလိုပဲ Web2feel ကို သွားပြီး ကျွန်တော်ကြိုက်မယ့် သီးမ်စ်တွေကို ဒေါင်းလုဒ်ချပါတယ်။ Web2feel မှာ wordpresser တွေအတွက် wordpress theme တွေတော်တော် စုံပါတယ်။ တော်တော်လည်း မိုက်ပါတယ်။ အဲ... ဒါနဲ့ ကျွန်တော့် wordpress မှာ သီးမ်စ် တစ်ခုကို အင်စတော လုပ်ပါတယ်။ အားလုံး အဆင်ပြေပေမယ့် သီးမ်စ် ထိပ်ဆုံးက စလိုက်ဒါမှာ ပြသနာတက်ပါတယ်။ သူတို့က Theme Option မှာ ပြောထားတာက စလိုက်ဒါမှာ ပေါ်ဖို့အတွက်၊ ပေါ်စေချင်တဲ့ Categories နဲ့ ပေါ်မယ့် ပို့စ်အရေအတွက် ကို ဖြည့်ခိုင်းပါတယ်။ ကျွန်တော်ကလည်း ကျွန်တော့် Categories တွေထဲက (ဖတ်ကြည့်ဖို့) ဆိုတဲ့ ကတဂိုရီ ကို ရွေးပေးလိုက်ပါတယ်။ ဒါပေမယ့် စလိုက်ဒါမှာ ပို့စ်က ပုံတွေ မပေါ်လာပါဘူး။ ကျွန်တော် တခြား ကတဂိုရီကို ပြောင်းကြည့်ပါသေးတယ်။ ဒါပေမယ့် အဆင်မပြေဘူး ခင်ဗျ။ ပို့စ်က ပုံတွေက ပေါ်မလာပါဘူး။ နောက်ဆုံး ကျွန်တော်လည်း ကြံရာမရတာနဲ့ ကိုသင်္ကြန် ကိုမေးကြည့်ပါတယ်။ ကိုသင်္ကြန်က စိတ်ရှည်လက်ရှည်နဲ့ သူဝင်ကြည့်ပေးပါတယ်။ အဲဒီနောက် သူက Categories name တွေကို အင်္ဂလိပ်လို ပြောင်းကြည့်ဖို့ ပြောပါတယ်။ ကျွန်တော်လည်း သူပြောသလို အင်္ဂလိပ် လိုလည်း ပြောင်းလိုက်ရော ပို့စ်ကပုံတွေက သေသေချာချာ စလိုက်ဒါမှာ ပေါ်လာပါတော့တယ်။ ဒါလေးက ကျွန်တော်တို့လို မတောက်တခေါက် ဘလော့ဂါလေးတွေ အတွက် ဖြစ်တတ်တဲ့ အကြောင်းလေးပါ။ တချို့တွေအတွက် ဘာမှမဟုတ်ပေမယ့် ကျွန်တော်တို့ အတွက်တော့ စဉ်းစားမရတဲ့ အခက်အခဲ တစ်ခုပါ။ ဒါကြောင့်မို့လို့ ကျွန်တော့်လိုမျိုး Theme ကလိချင်သူတွေ အခက်မကြုံရအောင် ကျွန်တော် မျှဝေပေးလိုက်ပါတယ်ခင်ဗျာ။

Friday, February 5, 2010

ယူအေအီး ကြမ်းပိုး

<![CDATA[Photobucket

ပြောမယ် ပြောမယ်နဲ့ ကျွန်တော်လည်း မပြောဖြစ်ခဲ့ဘူးဗျ။ ပြောချင်နေတာ ကတော့ တော်တော်ကြာပြီ။ ပထမဆုံး ကျွန်တော် ယူအေအီးကို အလုပ်ရှာဖို့ သွားတဲ့အခေါက်က အကြောင်းလေးပါ။ အစဆုံး အခေါက်လည်း ဖြစ်၊ အလည်ဗီဇာ နဲ့ သွားတာကလည်း ဖြစ်၊ အလုပ်ရှာဖို့ အတွက်လည်း ဖြစ်တော့ အလုပ်မရခင် စပ်ကြားမှာ နေဖို့ထိုင်ဖို့ အခန်းတစ်ခုကို မိတ်ဆွေ တစ်ယောက်ရဲ့ အကူအညီနဲ့ ကြိုတင် ငှားခိုင်းခဲ့ပါတယ်။ နေရာကတော့ အဘူဒါဘီမြို့ရဲ့ ဟမ်ဒါးန် လမ်းမမှာပါ။ ရောက်တဲ့ နေ့မှာပဲ အဲဒီအခန်းကို ပါလာတဲ့ အထုပ်အပိုးတွေ သယ်ပြီး တခါတည်း သွားနေဖြစ်ပါတယ်။ ရပ်ကွက်နေရာ ကတော့ နေရာကောင်း လေးပါ။ ဆိုးတာက ကျွန်တော်နေထိုင်ရတဲ့ ငှားရမ်းခဲ့တဲ့ အဲဒီတိုက်ပါပဲ။ အဲဒီ တိုက်ကြီးမှာ ကျွန်တော့်အထင် နိုင်ငံခြား အလုပ်သမား ၂၀၀ ကျော်၊ ၃၀၀ လောက် နေမယ်လို့ ထင်ပါတယ်။ များသောအားဖြင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသားတွေနဲ့ အင်းဒီးယန်း ကရလာ လူမျိုးတွေပါ။ ဗမာဆိုလို့ ကျွန်တော် တစ်ယောက်တည်း ရှိမယ်လို့ ထင်ပါတယ်။ ကျွန်တော် နေမယ့် အခန်းကို ၀င်တော့ ၂ ထပ်ကုတင် ၆ လုံး နဲ့ ကျွန်တော့်ကို ၀ိုင်းကြည့်နေတဲ့ အင်ဒီးယားသား တွေကို တွေ့ပါတယ်။ အဲဒီ့အခန်းရဲ့ ခေါင်းဆောင်လို့ ထင်ရတဲ့ အဘိုးကြီးက လွတ်နေတဲ့ ကုတင်တစ်ခုကို ညွှန်ပြပြီး ကျွန်တော့်အတွက် ဖြစ်ကြောင်း ပြောပါတယ်။ ကျွန်တော်တို့ အခန်းမှာ လူဦးရေ စုစုပေါင်း ၁၆ ယောက်နေကြပါတယ်။ ကုတင်ကိုယ်စီနဲ့ ဖြစ်သလို လွတ်နေတဲ့ ကြမ်းခင်းမှာလဲ မှို့ယာချပြီး အိပ်ကြပါတယ်။ တရေးနိုး အိမ်သာထ သွားရင် ကြမ်းပေါ်မှာ အိပ်နေတဲ့ သူတွေကို ကျော်ခွပြီး သွားရပါတယ်။ ဒါကတစ်ဒုက္ခပါ။ ဒါပေမယ့် သိပ်တော့ မပြောပလောက်ပါဘူး။ ပြောပလောက်တာက လာပါမယ်။ ကျွန်တော် ရောက်ရောက်ချင်း နေ့ကတော့ ခရီးကလည်းပန်း၊ လူကလည်းနွမ်း နေတော့ အထုပ်အပိုးတွေ ချပြီး တိုက်အောက်က ဆိုင်မှာ အာလူးပူရီလောက်ပဲ ၀ယ်စား၊ ရေတောင် မချိုးဖြစ်တော့ပဲ အိပ်ဖို့ အရှိန်ယူပါတယ်။ ည ၁၁ နာရီလောက်မှာ အိပ်ဖြစ်တယ် ဆိုပါတော့ဗျာ။ အဲဒီညက နှစ်နှစ်ခြိုက်ခြိုက်ပဲ အိပ်မောကြခဲ့ပါတယ်။ နောက်နေ့ မိုးလင်းတော့လည်း တိုက်အောက်က ဆိုင်မှာ အာလူးပူရီပဲ ၀ယ်စား အနီးအနားကို လျှောက်ကြည့်ရုံလောက်သာ လုပ်ပြီး အလုပ်ရှာဖွေရေး ကိစ္စကို ဆိုင်းငံ့ထားခဲ့ပါတယ်။ ဒီလိုနဲ့ အဲဒီနေ့ညလည်း စောစောပဲ အိပ်ယာဝင်ဖြစ်ပါတယ်။ အဲဒီလို အိပ်ယာဝင်ပြီး မကြာခင်မှာပဲ ကျွန်တော်ဟာ တိုက်ပွဲကြီး တစ်ခုကို စတင်ရင်ဆိုင်ရပါတော့တယ်။ ယူအေအီး ကြမ်းပိုးတွေဟာ ကျွန်တော့်အိပ်ယာ ဘေးနံရံကနေ အလုံးအရင်းနဲ့ ဆင်းလာပါတယ်။ ကျွန်တော်ကတော့ မသိပါဘူး။ ကိုယ်ပေါ် သူတို့တက်လို့ ရွစိရွစိဖြစ်မှပဲ ပါလာတဲ့ မိုဘိုင်းလ်ရဲ့ မီးလေးနဲ့ ကြည့်တော့မှ အနည်းဆုံး ကြမ်းပိုး ၁၄ ကောင်လောက် ရှိမယ်ခင်ဗျ။ ကျွန်တော် ကိုယ်ပေါ်မှာ နေရာယူနေကြပါတယ်။ ကျွန်တော်လည်း တွေ့တာနဲ့ ကြောက်အားလန့်အား ခါချလိုခါချ၊ ဖိသတ်လိုသတ်နဲ့ ပြန်လည် ခုခံရပါတော့တယ်။ ဒါပေမယ့် ယူအေအီး ကြမ်းပိုးတွေဟာ တပ်ဆုတ်ခြင်း မရှိပဲ အရေအတွက် ပိုတိုးလာပြီး ကျွန်တော့်ကို ဆက်လက်တိုက်ခိုက်ပါတယ်။ မီးရောင်နည်းနည်း ရှိရင် အဲဒီ မီးရောင်အောက်မှာ မနေပဲ အမှောင်ထဲကနေ တိုက်ခိုက်ပါတယ်။ ဒီဘက်ကို သတ်ရင်၊ ဟိုဘက်ကလာ၊ ဟိုဘက်ကို သတ်ရင် ဒီဘက်ကလာနဲ့ လက်မလည်အောင် ဖြစ်နေပါတယ်။ အဲဒီလို ကျွန်တော် တိုက်ပွဲဆင်နွဲချိန်မှာ အခန်းဖော် တခြားလူတွေကို ကြည့်တော့ သူတို့ကတော့ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေပါတယ်။ ယူအေအီး ကြမ်းပိုးတွေကတော့ သူတို့ ကိုယ်တွေပေါ်မှာ ပျော်ပျော်ပါးပါး သွားလာနေကြပါတယ်။ တချို့အကောင်လေးတွေဆို ကိုယ်လုံးတွေတောင် တော်တော်ဖောင်းကားနေပါတယ်။ ဒီလိုနဲ့ မတတ်နိုင်တဲ့ အဆုံး ကျွန်တော်လည်း အ]
]>

Monday, February 1, 2010

ကျော်ခွနိုင်စေဖို့

Photobucket

ပတ္တမြားမှန်ရင် နွံနစ်ရိုး ထုံးစံမရှိပါဟု ကျွန်တော်၏ ဆရာမောင်သားဖြိုးက ကောမန့်တွင် ပြောလာပါသည်။ မှန်ပါသည်။ ကျွန်တော်တို့ အားလုံး ဇွဲရှိစွာဖြင့် စိတ်ဓါတ်မချပဲ ရှေ့သို့ဆက်လက် ချီတက်ကြပါဦးမည်။ ကျွန်တော်တို့ ချစ်သော ဘလော့ဂ်စာမျက်နှာ များကို ဆက်လက်ရှင်သန်စေပါဦးမည်။ ၀ါသနာ၊ ဗဟုသုတများကို ဆက်လက် ဖြန့်ဝေပါဦးမည်။ ဘယ်လိုလူတွေ ဘယ်လောက်ပင် ဖျက်စီးပါစေ၊ ပိတ်ပင်ပါစေ ဆက်လက် လျှောက်လှမ်းနေပါဦးမည်။ နေပူထဲတွင် အခြားသူများကို လှည့်မကြည့်ပဲ၊ (ခဏခဏ ထကြည့်ရင် အိပ်ရေးပျက်တယ် ဆိုပဲ) ကွန်ယက်ပေါ်တွင် ဆက်လက် ရှင်သန်နေပါဦးမည်။ အားလုံးသိကြသည့် အတိုင်း ကျွန်ုပ်တို့ mmgenius group အဘန်းခံလိုက် ရပါသည်။ လွယ်ကူ လွတ်လပ်စွာ ဘလော့ဂ်ရေးခွင့် ဆုံးရှုံးခဲ့ရပါသည်။ တချိန်က ဘလော့ဂ်စပေါ့တ် ယူဇာများလို ကျွန်တော်တို့လည်း ကျော်ခွရသည့် ဒုက္ခကို ခံစားနေရပါသည်။ မြန်မာပြည်တွင် ဖြစ်ပါသည်။ နေ့အိပ်မက်တို့ကဲ့သို့ နိုင်ငံရပ်ခြားတွင် အသုံးပြုနေသော ဘောဇိ mmgenius ယူဇာများမှ အပ ထိုဒုက္ခများကို ကျွန်တော်တို့ ခံစားနေရပါသည်။ ကျွန်တော် ကိုယ်ချင်းစာသဖြင့် မြန်မာနိုင်ငံတွင် အသုံးပြုနေသော၊ ကျော်ခွရသည့် proxy မသိသေးသော mmgenius ယူဇာများကို အသိပေးချင်ပါသည်။ (သိပြီးသူများလည်း သည်းခံပေးပါ ခင်ဗျာ။) ကျွန်တော်တို့၏ mmgenius ကို ဘန်းထားသည်မှာ ပုဂံနက် မှသာဖြစ်ပါသည်။ ပုဂံနက်တွင် ချိတ်ဆက်ထားသည့် အသုံးပြုနေသည့် မည်သည့်ဆိုင်တွင် (အိမ်တွင်) မဆို mmgenius blog များ ဖွင့်မရနိုင်ပါ။ ထို့အတွက်ကြောင့် ဆိုင်ဘာတွင် အသုံးပြုလေ့ရှိသော သူများသည် mpt တွင် ချိတ်ဆက် ထားသော ဆိုင်ဘာကဖေး များတွင် အသုံးပြုပါက ကျော်ခွရခြင်း မရှိပဲ mmgenius blogs များကို လွယ်ကူစွာ အသုံးပြုနိုင်ပါသည်။ (တိတ်တိတ်လေးတော့ နေပေးပါ)။ ဘန်းစက်ကွင်း မလွတ်သော ဆိုင်ဘာများတွင် အသုံးပြုနေသော ယူဇာများ အနေဖြင့် address bar တွင် https://vtunnel.com ကိုခေါ်ကာ vtunnel address bar တွင် mmgenius blogs လိပ်စာ ကို ရိုက်နှိပ်၍၄င်း၊ mozilla firefox (သို့) Flock browser ၏ proxy box တွင် 212.93.193.88၊ ပို့တ် 443 ကိုပြောင်းလဲ ရိုက်နှိပ်၍၄င်း ကျော်ရခွရ ဒုက္ခကို ခံစားနိုင်ကြစေရန် လက်တို့ အသိပေးလိုက်ပါသည် ခင်ဗျား။ အားလုံး အဆင်ပြေနိုင်ကြပါစေ။

Saturday, January 30, 2010

ဘာကြောင့် အဘန်းခံရတာလဲ

Photobucket

ကျွန်တော် သိတာကတော့ အဲဒီနေ့က နေမပူပါဘူးခင်ဗျ။ ဘယ်လိုလူတွေ ဘာကြောင့် ရူးသွားလဲဆိုတာ ကိုလည်း ကျွန်တော် မပြောတတ်တော့ပါဘူး။ ကျွန်တော်တို့ mmgenius group က ဘလော့ဂ်တွေဟာ အားလုံး သန့်သန့်လေးတွေ ပါပဲ။ ဘာနိုင်ငံရေး ဘလော့ဂ်မှ မပါသလို၊ ဘာညစ်ညမ်းဘလော့ဂ် မှလည်း မပါပါဘူး။ ရင်ထဲက ခံစားချက်လေးတွေ၊ ဘ၀အတွေ့အကြုံတွေ၊ ၀ါသနာပါရာ အနုပညာတွေနဲ့ အသိပညာ ပြန့်ပွားရေးတွေ အတွက် သီးသန့် ဖြန့်ဝေနေတဲ့ ဘလော့ဂ်တွေပဲ ရှိပါတယ်။ mmgenius တီထောင်သူ အပါအ၀င်၊ အဖွဲ့သားအားလုံးလည်း ကိုယ့်ဘလော့ဂ် အပေါ်မှာ တကယ်ချစ်စိတ်နဲ့ ရေးနေတဲ့ သူတွေချည်း ပါပဲ။ ဘယ်သူ့ကိုမှ စောင်းမြောင်း စော်ကားချင်းလဲ မရှိခဲ့ဖူးပါဘူး။ ကျွန်တော် စဉ်းစားမရတာက ကျွန်တော်တို့ mmgenius ဘာကြောင့် အဘန်းခံရတာလဲ။ Free Blog တွေ ဖန်တီးခွင့်ရလို့လား။ Free Access တွေ ပေးခဲ့မိလို့လား။ မြန်မာလူငယ်တွေ Chatting ထဲမှာပဲ ပျော်မွေ့စေဖို့လား။ ကျွန်တော်သိတာကတော့ အဲဒီနေ့က နေမပူပါဘူးခင်ဗျ။

Sunday, January 17, 2010

အနုတ် ၁ ၊ အပေါင်း ၁ +++

Photobucket

ကောင်မလေးရေ...

နှစ်သစ်မှာ နင့်အနားကို ငါအရောက်ပြန်လာနိုင်ခဲ့ပြီ။
ငါ့အလွမ်းတွေလည်း တချို့တ၀က်လောက်
ပြေစပြုနေပြီ။
နင့်လက်ကလေး ကိုလည်း
ပြန်ဆုပ်ကိုင်ထားလိုက်နိုင်ပြီ။
ငါ့ရင်ခွင်ကိုလည်း နင်အိပ်ဖို့အတွက် ပြန်ဖွင့်ထားနိုင်ပြီ။

ဒါပေမယ့် ...
ငါဝမ်းနည်းမိတာက ငါတို့ရဲ့ ခိုင်မာတဲ့ အမိုးကြီးတစ်ခု
ဘယ်လိုမှ ပြန်တပ်မရနိုင်တဲ့ အမိုးကြီးတစ်ခု၊
ငါ့ကို မစောင့်ပဲ ပြိုလဲသွားလိုက်ပြီ။

ကောင်မလေးရေ...
ဘယ်လိုလုပ်မလဲ။
အမြဲရှိနေနိုင်တာ ဘာရှိလဲ။
တစ်နေ့မှာ ငါတို့လည်း အမိုးတွေ ဖြစ်ရဦးမှာ။
ငါတို့လည်း ပြိုလဲရဦးမှာ။
ငါတို့ ဘာတွေပြင်ဆင်ပြီးပြီလဲ။
ငါတို့ အနာဂတ်အတွက်၊ ငါတို့အရှင်ဆီမှာ
မျက်နှာပန်းလှဖို့ အတွက်...........။

အမိုးတစ်ခု မရှိတော့တဲ့ ငါတို့ဘ၀မှာ
နောင်ရောက်လာမယ့် ငါတို့ရင်သွေးလေးက
ငါတို့ဘ၀အတွက် အကာလေးတစ်ခုတော့
ဖြစ်စေချင်တယ်။
တချိန်မှာ ငါတို့အတွက် အားကိုးရာ မဟုတ်တောင်
အားတက်စရာ အကာလေးတော့ ဖြစ်စေချင်တယ်.....။

Tuesday, January 12, 2010

ဝမ်းနည်းမှတ်တမ်း

Photobucket

ကျွန်တော် အမိမြန်မာ နိုင်ငံကို ပြန်ရောက်တဲ့ နေ့မှာပဲ သတင်းဆိုး တစ်ခုကို ကြားခဲ့ရ ပါတယ်။ လေဆိပ်မှာ ရှိနေတုန်း အဲယားလိုင်း ကတာဝန်ရှိသူ တစ်ဦးက ကျွန်တော့်ကို အပြေးအလွှား လာအကြောင်းကြား တာပါ။ ကျွန်တော့် အပေါ် အဖေလို၊ ကျွန်တော့်ဘက် ကလည်း ဖခင်တစ်ယောက်လို ချစ်ခင် ဆက်ဆံ ခဲ့တဲ့ ကျွန်တော့်ရဲ့ ယောက္ခထီး ကွယ်လွန်ဆုံးပါး သွားခဲ့ပါတယ်။ လက်ဆွဲအိတ် တွေကို လေဆိပ်မှာ ကျွန်တော်ထုတ်ဖို့ စောင်းဆိုင်းနေချိန်မှာ သူ့ကိုလည်း အသုဘချဖို့ ပြင်ဆင်နေပါတယ်။ ကျွန်တော်လည်း အကြောင်းကြား ချက်ကို ကြားသိရ ရချင်း လက်ဆွဲအိတ် တွေကို မယူပဲ အပြင်ကို ချက်ချင်းထွက်လာ ခဲ့လိုက်ပါတယ်။ အပြင်မှာ ကျွန်တော့် အဖေနဲ့ အမေရယ်၊ နောက်တခြား မိတ်ဆွေ ၂ ယောက်လောက် က ကျွန်တော့်ကို ကြိုနေပါတယ်။ မထင်မှတ်ပဲ ရုတ်တရက် ကြီးဖြစ်သွားလို့ ကျွန်တော် မယုံမကြည်နဲ့ မေးကြည့်ဖြစ် ပါသေးတယ်။ ကျွန်တော် ပြန်အလာကို စောင့်ရင်း ကျွန်တော် ပြန်ရောက်တဲ့ နေ့မှာပဲ သူထွက်ခွာသွားခဲ့ပါတယ်။ သူ့မှာ ဆီးချိုအပြင်၊ ဆီးချိုဆေးတွေ သောက်ရင်း ရလာတဲ့ ကျောက်ကပ်ရောဂါ ရှိပါတယ်။ ကျောက်ကပ်ကို လည်း ၅ ခါ အရင်က ဆေးခဲ့ဖူးပါတယ်။ ကျောက်ကပ်ဆေးပြီး နောက်ပိုင်း လူကောင်းတစ်ယောက် နီးပါး ပြန်ကောင်းသွားခဲ့ပါတယ်။ အခု တစ်ခေါက်ကလည်း ကျောက်ကပ်ပဲ ပြန်ဖောက်လာတာပါ။ ရန်ကုန်ဆေးရုံကြီး ကိုတင်ပြီး ကျောက်ကပ် ထပ်ဆေးပါတယ်။ ၁ ခေါက်ဆေးပြီး တော်တော်သက်သာ သွားပါတယ်။ လူကောင်းတစ်ယောက် နီးပါး ပြန်ဖြစ်သွားပါတယ်။ သူဆုံးမယ့် နေ့ကလည်း ကျောက်ကပ်ဆေး နေရင်း အသက်ရှုရပ်သွားတာပါ။ သူကျောက်ကပ် မဆေးခင် အချိန်မှာ သွေးပေါင်တွေ တော်တော်ကျ နေပါတယ်။ သွေးသွင်းဖို့ သွေးထုပ်တွေ အဆင်သင့် လုပ်ထားပေမယ့် သွေးမသွင်းခင် ကျောက်ကပ်ကို ဆေးကြပါတယ်။ ခဏအတွင်းမှာပဲ သူဆုံးသွားခဲ့ပါတယ်။ ဆေးရုံကြီးမှာ သေဆုံးသူတွေကို ဆေးရုံကြီးက လွယ်လွယ်ကူကူ ထုတ်ဖို့ခဲယဉ်းတာ အားလုံးသိပါတယ်။ သူ့ကိုတော့ ချက်ချင်း လွယ်လွယ်ကူကူ ထုတ်ခွင့်ပေးခဲ့ပါတယ်။



ကျွန်တော့် ခေါင်းထဲမှာ မေးခွန်းလေး တွေနည်းနည်း ရှိလာပါတယ်။ ဆရာ ဒေါက်တာဝင်းသိန်းကို မေးမြန်းကြည့်ဖို့ စိတ်ကူးတွေလည်း ရှိနေပါတယ်။